မျိုးပေါင်း( Class ) အင်ဆက်တာ( Insecta )
အောက်တွင် ၁။ အတောင်မရှိသည့် အင်းဆက်များ
( Aptergota ) နှင့် ၂။ အတောင်ရှိပြီး
အသွင်ပြောင်းလဲခြင်းရှိသည့် အင်းဆက်များ
( Pterygota )ဟူ၍ မျိုးပေါင်းခွဲ ( Sub-Class )
နှစ်မျိုးခွဲခြားထားသည်။
၁။ ( Aptergota ) အောက်တွင်
က ။ Protura
ခ ။ Collembola
ဂ ။ Thysanura
ဃ။ Diplura ဟူ၍
မျိုးစဉ်( Order ) ၄ မျိုးခွဲထားသည်။
၂။ ( Pterygota ) အောက်တွင်တဝက်တပြက် အသွင်ပြောင်းခြင်း
( Incomplete metamorphosis )နှင့်ပြီးပြည့်စုံသော အသွင်ပြောင်းခြင်း ( Complete metamorphosis )ဟူ၍အင်းဆက်တို့၏ ဘဝစက်ဝန်း( Life Cycle )အပေါ်မူတည်ပြီး အသွင်ပြောင်းလဲပုံနှစ်မျိုးတွေ့ရသည်။
အင်းဆက်ပိုးများသည် များသောအားဖြင့် အကောင်လိုက်ပေါက်သည့် မျိုးနွယ်များမဟုတ်ပဲ မိခင်အင်းဆက်အမမှဥအုပြီးနောက် တဝက်တပြက် အသွင်ပြောင်းခြင်းရှိသည့်အင်းဆက်များတွင် အရွယ်
ရောက်ရန် ဥဘဝ( Egg )မှ အကောင်ပေါက်လာပြီး ပိုးမမည်( Nymph )အဆင့်သို့ရောက်ရှိလာသည် ၎င်းအဆင့်တွင် အရွယ်
ရောက်အကောင်ကြီးများနှင့် ရုပ်သွင်အရတူညီမှုရှိသည်။ ထို့နောက် ရုပ်ဖုံးဘဝမဖြတ်သန်းရပဲ ရုပ်သွင်ကူးပြောင်းခြင်း( Metamorphosis )အရ အရေခွံအကြိမ်ကြိမ်လဲခြင်းဖြင့် အရွယ်ရောက်အကောင်ကြီး( Adult ) အဖြစ်ရောက်ရှိသည်။ဥပမာ။ နှံကောင်၊ ရှိခိုးကောင်၊ ပုစဉ်းပြီးပြည့်စုံစွာ အသွင်ပြောင်းလဲခြင်းရှိသည့် အင်းဆက်များတွင် မိခင်အင်းဆက်အမမှဥ( Egg )အုပြီးနောက် ဥဘဝမှ လောက်ကောင်ဘဝ( Larva ) လောက်ကောင်မှ ပိုးရုပ်ဖုံး( Pupa )ပိုးရုပ်ဖုံးမှ အကောင်ကြီး( Adult )အဖြစ်သို့ ရုပ်သွင်ကူးပြောင်းခြင်း( Metamorphosis )အရ
အဆင့်ဆင့် အသွင်ကူးပြောင်းကြပြီးမှရောက်ရှိသည်။
ဥပမာ။ လိပ်ပြာ၊ ဖလံ၊ ပိုးတောင်မာအင်းဆက်များစွာတို့၏ ဘဝအဆင့်ဆင့်တွင်များသောအားဖြင့် အဆင့်လေးဆင့်ကို ကူးပြောင်း
ကြရပြီး မိခင်သည် အစာရေစာ လွယ်လင့်တကူရရှိနိုင်မည့်နေရာများတွင် ဥအုချခဲ့သည်။ ဥမှပေါက်လာသော လောက်ကောင်( ပိုးတုံးလုံး )သည်အစာများကိုစားသောက်ပြီးနောက် ပိုးရုပ်ဖုံးဘဝသို့ကူးပြောင်းသည် ပိုးရုပ်ဖုံးဘဝတွင် အစာစားခြင်းကိုရပ်နားထားပြီး ပိုးရုပ်ဖုံးအတွင်း အရွယ်ရောက်အကောင်ဖြစ်ရန် ကာလတစ်ခုအကြာ အချိန်ပေး၍
ပြောင်းလဲနေသည်။ ပိုးကောင်၏ အင်္ဂါအစိတ်အပိုင်းများ
ပြည့်စုံသွားသည့်အခါ ရုပ်ဖုံးအတွင်းမှ အပြင်သို့
ထွက်လာကာ အရွယ်ရောက်အကောင်ဖြစ်လာသည်။
အရွယ်ရောက်အကောင်ကြီး ဘဝတွင်
မျိုးဆက်ပြန့်ပွားရေးအတွက် ဖိုမဆက်ဆံပြီး ဥအုကြသည်။
သို့သော် ချွင်းချက်အနေဖြင့် အချို့သောအင်းဆက်များတွင်
မိတ်လိုက်ခြင်းအမှုကို မဆောင်ရွက်ပဲ ဥအုနိုင်ကြသည်။
ပျများ၊ ယင်ကောင်များနှင့် နှံကောင်တို့သည်
အခြေအနေအရ လိုအပ်ပါက ဥမအုတော့ပဲ
အကောင်လိုက်မွေးထုတ်နိုင်စွမ်းရှိသည်။
အင်းဆက်ပိုးများ သဘာဝရန်သူ့ဘေးမှကာကွယ်ခြင်း -
အင်းဆက်ပိုးမွှားများတွင် ဥဘဝမှစ၍ အရွယ်ရောက်
အကောင်ကြီးဘဝရောက်သည့်တိုင်အောင် ရန်သူပေါင်း
မြောက်များစွာနှင့် ရင်ဆိုင်တွေ့ကြုံနေကြရသည်။
၎င်းတို့တွင် ရန်သူများဝန်းရံလျှက်ရှိပြီး သက်တမ်းစေ့
နေထိုင်သွားရသော အကောင်များမှာ အင်မတန်
နည်းပါးသည် သက်တမ်းမပြည့်ခင်
အကြောင်းမျိုးမျိုးကြောင့်သေဆုံးကြရသည်။
သို့သော်လည်း အင်းဆက်ပိုးများ ပျောက်ကွယ်မသွားပဲ
ယနေ့ထိတိုင်တွေ့ရှိနေရခြင်းမှာ ၎င်းတို့တွင် သဘာဝမှ
ဖန်တီးပေးထားသော အကာအကွယ်များကြောင့်ပင်
ဖြစ်လေသည်။ သဘာဝမှ ဖန်တီးပေးထားသည့်
အကာအကွယ်များ -
၁။ အပေါ်ယံအခွံဖြင့် ကာကွယ်ခြင်း -
အင်းဆက်များစွာထဲမှ ပိုးတောင်မာ( Beetle )
များတွင် သားရေကဲ့သို့ဖြစ်နေသောအတောင်ဖုံးနှင့်
မာကျောသော ခန္ဓာကိုယ်သည် မျိုးခြားစား
သားရဲအင်းဆက်များ၏ တိုက်ခိုက်ခြင်းကို
ကာကွယ်ထားနိုင်သည်။
၂။ အဆိပ်ဖြင့် ကာကွယ်ခြင်း -
ပျား၊ ပိတုန်းနှင့် နကျယ်ကဲ့သို့ အင်းဆက်များတွင်
ရန်သူကို ၎င်းတို့၏ အဆိပ်ဆူးဖြင့်ပြန်လည်
တိုက်ခိုက်တက်ကြသည်။
၎င်းတို့၏ အဆိပ်နှင့်ထိတွေ့ပြီးပါက
နောက်တစ်ကြိမ် မထိဝံ့ တော့ပေ။
၃။ ကိုယ်တွင်းရှိ အရည်တို့ဖြင့်ကာကွယ်ခြင်း -
လိပ်ပြာသားလောင်း ခူကောင်အချို့၏ ကိုယ်တွင်းရှိ
အရည်တို့သည် အရသာမကောင်းသဖြင့်
သူတို့အား ဖမ်းဆီးစားသောက်ခြင်းမခံရပါ။
၎။ အနံ့ဖြင့် ကာကွယ်ခြင်း -
ပိုးနံကောင်( Stink bug )နှင့်
ကြမ်းပိုး( Bed bug )တို့ကဲ့သို့ ပိုးကောင်များ၏
ဆိုးရွားလွန်းသော အနံ့ကြောင့် စားသောက်ရန်
အလို့ငှါ သားရဲကောင်များက ရှောင်ရှားကြသည်။
၅။ အမွေးဆူးတို့ဖြင့် ကာကွယ်ခြင်း -
အချို့သော လိပ်ပြာသားလောင်းခူကောင်များ၏
အမွေးများသည် အဆိပ်ရည်ပါရှိသောကြောင့်
ထိမိပါက နာကျင်စေသည်။ ယားယံစေသည်။
၆။ ဟန်အမူအယာဖြင့် ကာကွယ်ခြင်း -
ကျားဖလံ( Tiger moth )သည် ရန်သူကို
မြင်တွေ့သည်နှင့် သေဆုံးနေဟန်ဆောင်သည်။
ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြင့် သူ့ကိုစားသောက်မည့်
သားရဲများက သေနေသော ဖလံဟုယူဆကာ
စားသောက်ခြင်းမပြုတော့ပါ။
၇။ နဂိုအနေအထိုင်ဖြင့် ကာကွယ်ခြင်း -
ရွက်ထွင်းပိုး( Leaf miner )ကဲ့သို့
ပိုးမွှားများသည် အရွက်၏အတွင်း၌ဖြစ်စေ၊
စပါးရွက်လိပ်ပိုး( Rice leaf folder )ကဲ့သို့
ပိုးမွှားသည် ရွက်လိပ်အတွင်း၌ဖြစ်စေ၊
အသီးအတွင်းတွင်နေထိုင်သော
သီးလုံးဖောက်ပိုး( Gram Caterpillar )
ပိုးများနှင့် ညဥ့်အခါတွင်သာထွက်သော
ဖလံ( Moths )များသည် ရန်သူ့ဘေးရန်မှ
အထိုက်အလျောက် ကင်းဝေးစေသည်။
ဥပမာ -
ကာဒစ်ဖလိုင်း( Caddisfly ) သားလောင်းသည်
သူတို့၏ အနီးနားတွင်ရရှိသော သစ်ရွက်ဆွေး၊
ခဲလုံး၊ ခရုခွံ၊ သစ်ကိုင်းစလေးများ အပါအဝင်
ရရာအရာဝတ္ထုများနှင့် ပိုးမျှင်တွေကို အသုံးပြုပြီး
အကာအကွယ် အခွံအိမ်ကိုပြုလုပ်၍
ယင်းအိမ်ထဲတွင် နေထိုင်ကာ ရန်သူ့ဘေးရန်မှ
ပုန်းခိုနေလေ့ရှိသည်။
၈။ အရောင်ဖြင့် ကာကွယ်ခြင်း -
Tulip Tree Beauty moth - ဖလံသည်
အရောင်အားဖြင့် နေထိုင်ရာဝန်းကျင်နှင့်
တထေရာတည်း တူညီနေသောကြောင့်
ရန်သူများဘေးမှ ကင်းဝေးရသည်။
၉။ အတောင်နှစ်စုံ အရောင်မတူ၍ ဘေးကင်းခြင်း -
Morpho butterfly - လိပ်ပြာတွေရဲ့
အတောင်ပံ အပေါ်မျက်နှာပြင်သည်
အောက်နှင့် အရောင်မတူသောကြောင့်
ပျံသန်းနေသည့်အခါ နောက်မှလိုက်လာသော
ရန်သူ့အမြင်တွင် ဖြတ်ခနဲပေါ်လာလိုက်
ဖြတ်ခနဲပျောက်သွားလိုက်
ဆက်တိုက်ပြောင်းလဲနေသောကြောင့်
မျက်ချေပြတ်သွားတက်သည်။
၁၀။ အဆင်ချယ်၍ ကာကွယ်ခြင်း -
အချို့သော အင်ဆက်များ၏ အရောင်အသွေး
အဆင်တို့မှာ ပိုးကောင်တို့၏ မူလသဏ္ဌာန်
ပျောက်ကွယ်သွားမတက် အဆင်ချယ်လျှက်
ရှိသောကြောင့် ရန်သူ့ဘေးမှကင်းဝေကြသည်။
၁၁။ အတောင်အောက်၌ အရောင်မှုံခြင်း -
သစ်ရွက်ခြောက်လိပ်ပြာ(Kallima Inachus)၏
အတောင်အောက်ဖက်ရှိ အရောင်သည်
မွဲခြောက်နေသည့်အပြင် နားနေသည့်အခါ
အပေါ်သို့ထောင်ထားသော အတောင်သည်
သစ်ရွက်ခြောက်နှင့် အလွန်တူသဖြင့် ရန်သူမှ
အလွယ်တကူ မမြင်တွေ့နိုင်ပါ။
၁၂။ အယောင်ဆောင်၍ ကာကွယ်ခြင်း -
ခူကောင်( Wavy-lined Emerald )တို့သည်
ပန်းပွင့်ရဲ့ ပွင့်ချပ်တွေကို သူတို့ခန္ဓာကိုယ်ပေါ်တွင်
ပိုးချည်မျှင်များဖြင့် တန်ဆာဆင်ဖုံးကွယ်၍
ပန်းပွင့်ကဲ့သို့ အယောင်ဆောင်ကာ
ရန်သူများ၏ ဘေးရန်ကိုကာကွယ်ကြသည်။
၁၃။ အတုခိုး၍ ကာကွယ်ခြင်း -
နေ့ခင်းဘက်တွင် ပျံသန်းလေ့ရှိသည့်
နကျယ်ဖလံ( Wasp moth )နှင့်
ဟိုဗာယင်( Hoverfly ) တို့သည်
ပျား၊ နကျယ်များနှင့် ပုံသဏ္ဌာန်
ဆင်တူသောကြောင့် ငှက်များနှင့် အခြားသော
သားရဲများကို လှည့်စားနိုင်သည်။
သားရဲများက ၎င်းတို့ကို ပျား၊ နကျယ်ဟု
မှတ်ထင်ကာ ဖမ်းဆီးစားသုံးခြင်း
မပြုသောကြောင့် အန္တရာယ်ကင်းစေသည်။
၁၄။ အတောင်ပေါ်ရှိ အကွက်များမှကာကွယ်ခြင်း -
သိန်းငှက်ဖလံ( Hawk moth )နှင့်
ဇီးကွက်လိပ်ပြာ( Owl Butterfly )တို့၏
အတောင်ပံပေါ်မှ အကွက်များသည်
ရန်သူကိုကြည့်နေသည့် ကြောက်စရာ
သားရဲသတ္တဝါတို့၏ မျက်ဝန်းတစ်စုံနှင့်
တူသောကြောင့် ရန်သူမှဖမ်းဆီးစားသောက်ခြင်း
မပြုတော့ပါ။
၁၅။ ရာသီအလိုက်အရောင်ပြောင်းခြင်း -
အချို့သော ပိုးကောင်တို့မှာ မျိုးစိတ်တခုထဲ
ဖြစ်သော်လည်း နွေရာသီတွင်ပေါက်သည့်အခါ
မွဲခြောက်သည့် အရောင်မျိုးရှိ၍ မိုးရာသီတွင်
ပေါက်သည့်အခါ စိမ်းသောအရောင်များရှိသဖြင့်
သဘာဝ အကာကွယ်တစ်မျိုးပင်ဖြစ်သည်။
အင်းဆက်တို့၏ ပုံသဏ္ဌာန်၊ ထူးခြားသော
လက္ခဏာရပ်များဖြစ်သည့် အစာစားခြင်း၊ အရေခွံလဲခြင်း၊
လှုပ်ရှားသွားလာခြင်း၊ ပျံသန်းခြင်း၊ အာရုံခံစားခြင်း၊
ဘဝဖြစ်စဉ်ပြောင်းလဲခြင်း၊ မျိုးပွားခြင်းနှင့်
ရန်သူ့ဘေးရန်မှ ကာကွယ်လှည့်စားပုံတို့ကို သိရှိထားပါက
အဖျက်ပိုးမွှားများကို နှိမ်နင်းရန်ဖြစ်စေ၊ အကျိုးပြု
အင်းဆက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်စေ
ဆောင်ရွက်ရာတွင် များစွာအကျိုးရှိနိုင်သည်။
ထိုထက်ပို၍ လေ့လာနိုင်ပါက အင်းဆက်ပိုးများနှင့်
သတ္တလောကတို့၏ အစာကွင်းဆက်၊ ပတ်ဝန်းကျင်
ဂေဟဗေဒနှင့် ဆက်နွယ်မှုတို့ကိုပါ လေ့လာမည်ဆိုပါက
အတိုင်းထက်အလွန်ပင်ဖြစ်ကြောင်း ....
အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်
နေသူ တောင်သူများအနေဖြင့် ဘက်စုံပိုးမွှားကာကွယ်
နှိမ်နင်းခြင်း(Integrated Pest Management)
နည်းစနစ်များကိုဆောင်ရွက်ပါက ပိုးမွှားများအကြောင်း
မဖြစ်မနေ သိထားသင့်သည့်အပြင် ဘက်စုံပိုးမွှားကာကွယ်
နှိမ်နင်းခြင်း နည်းစနစ်များနှင့် ပိုးမွှားများကို
ထိန်ကျောင်းမှသာလျှင် ရေရှည်ခံသော စိုက်ပျိုးရေး
လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။
#Crd
စေတနာမေတ္တာများစွာဖြင့်
#Phyochitthu